Showing posts with label ဇဝန. Show all posts
Showing posts with label ဇဝန. Show all posts

Tuesday, January 28, 2014

ကောလိပ်ကျောင်းသား
ဇဝန 





တာဝန်တွေ လစ်ဟင်းခဲ့တဲ့ ကျနော်ဟာ တစ်နေ့မှာ စိတ်ကောင်းလေး ပေါ်လာတာနဲ့ ဆရာဘုန်းကြီးရဲ့ အခန်းကို သန့်ရှင်းရေး လုပ်ပေးခဲ့တယ်။ ပွရှုပ်ပြီး ပြန့်ကျဲနေတဲ့ စာအုပ်တွေကို အမျိုးတူရာ လိုက်စုပြီး သေသေသပ်သပ် ပြန်စီ၊ ပါဠိတော်စာအုပ်က ပါဠိတော် တစ်ကန့်၊ အဋ္ဌကထာ စာအုပ်က အဋ္ဌကထာ တစ်ကန့်၊ ဋီကာစာအုပ်က ဋီကာ တစ်ကန့်၊ နိဿယစာအုပ်က နိဿယ တစ်ကန့်၊ အခြား ဝတ္ထု စတဲ့ ဖတ်ဖွယ် မှတ်ဖွယ်စာအုပ်တွေက တစ်ကန့်ပေါ့။

အဲသမှာ .. စာအုပ်တွေ စီရင်း ဆရာကြီး ဇဝနရဲ့ ကောလိပ်ကျောင်းသား ဆိုတဲ့ စာအုပ်ကို မြင်လိုက်ရတော့ ကျနော့်မှာ ရင်တွေတောင် ခုန်တယ်။ ဒါပေမယ့် ရင်ခုန်သံက တစ်ဝက်တပျက်ကြီးရယ်။ မြင်လိုက်ရတာက ဒုတိယတွဲ တစ်အုပ်ထဲ။ ပထမတွဲကို ဆရာဘုန်းကြီး အခန်းထဲ မွှေနှောက်ပြီး ရှာသော်လဲ မတွေ့ဘူးဗျာ။

တကယ်တော့ ဆရာကြီး ဇဝနရဲ့ တို့ကျောင်းသား၊ ကောလိပ်ဂျပိုး တို့ကို ဖတ်ပြီးတဲ့နောက် ကောလိပ်ကျောင်းသားကို ဖတ်ရဖို့ စိတ်ကူး ယဉ်ခဲ့ဖူးတယ်။ ကျနော် စိတ်ကူး ယဉ်လောက်အောင်လဲ တစ်ခေတ် တစ်ခါက ဂန္ထဝင်မြောက်အောင် ကျော်ကြာခဲ့တဲ့ ဝတ္ထုရှည်ကြီး ဖြစ်ခဲ့တာကို။ ဘယ်လိုမှ ရှာမတွေ့လို့သာ ဖတ်ခွင့် မကြုံခဲ့ရတာ။ အခု ဖတ်ခွင့် ကြုံလာပြန်တော့ တစ်ဝက်တပျက်ကြီး။ အဲလိုနဲ့ အားမတန် မာန်လျော့ရင်း တစ်နေ့တော့ လှည်းတန်းက စာအုပ်ဆိုင် တစ်ဆိုင်မှာ ကန့်ကော်ဝတ်ရည်က တစ်အုပ်ထဲပေါင်းပြီး ထုတ်ထားတဲ့ ကောလိပ်ကျောင်းသား စာအုပ်ကို တွေ့ရတယ်။ ပါလာတဲ့ ပိုက်ဆံလေး အကုန်သွန်ပြီး ဝယ်လိုက်မိပါတယ်ဗျာ။

ကျနော့်လို ကောလိပ်ကျောင်းသား စာအုပ်ကို ဖတ်ချင်ပြီး ဖတ်ခွင့်မရသူများ၊ စာအုပ်ကို ရှာလို့ မရသူများအတွက် ကိုယ်ချင်းစာမိလို့ စေတနာများစွာနဲ့ စာအုပ်ထူကြီး တစ်အုပ်ကို ပီဒီအက် အဖြစ် ဖန်တီးလိုက်ပါတယ်။ စာချစ်သူ ညီအစ်ကို မောင်နှမများ ပျော်ရွှင်ချမ်းမြေ့ပါစေ ...။