ကျနော့်မလဲ ဘယ်နှယ့်ဖြစ်တယ် မသိ ...။ သိပ္ပံမောင်ဝရဲ့ “အောက်စဖို့စ်မှတ်တမ်း” ကို ဖတ်ပြီးတဲ့နောက် အင်္ဂလန်ကို ပညာသင်သွားကြတဲ့ ဆရာ့ဆရာများရဲ့ အတွေ့အကြုံတွေကို ရေးထားတဲ့ စာအုပ်တွေ ရနိုင်သမျှ ရှာပြီး ဖတ်ချင်စိတ် ဖြစ်လာခဲ့ဖူးတယ်။ ဒါနဲ့ပဲ လက်လှမ်းမီသလောက် ရနိုင်သမျှ ရှာပြီး ဖတ်ကြည့်တဲ့အခါ ... ပထမဆုံး ဖတ်ခဲ့ရတာက မလေးလုံ ရေးတဲ့ ဆရာကြီးဦးဖေမောင်တင်တဲ့ အထ္ထုပ္ပတ္တိ၊ စာအုပ်နာမည်က “ဘိုးသက်ရှည်” ။ ဘိုးသက်ရှည် စာအုပ်က ကျနော့်ထက်တောင် အသက်ကြီးသေးတယ်။ စာရွက်သားတွေ နွမ်းပြီး ကြွေကျတော့မယ့်အတိုင်းပဲ။ စာအုပ်က ၂ တွဲ ရှိပါတယ်။ ကျနော့်အတွက် ကံမကောင်းတော့ ပထမတွဲတစ်အုပ်သာ ဖတ်လိုက်ရတယ်။ ဒုတိယတွဲက အခုထိကို ဖတ်ခွင့် မကြုံသေးပါဘူး။ အခု ရလို့ အခုဖတ်ရမယ်ဆိုရင် ... ကျနော် အိပ်ကောင်းနေတုန်း ခြေထောက်နဲ့ ကန်နှိုးပြီး ပေးရင်တောင် စိတ်မဆိုးဘူး။ ငေါက်ကနဲ ထဖတ်မှာ။ နောက်ထပ် ဖတ်ခွင့်ရတာက ဒေါက်တာရဲနိုင်ရဲ့ “အနောက်ကိုရွေ့အရှေ့ကိုမျှော်” ။ ဒီစာအုပ်က အမျိုးသားစာပေဆု ရဖူးတဲ့ စာအုပ်တစ်အုပ် ဆိုရင်လဲ မမှားပါဘူး။ ဒေါက်တာရဲနိုင်ရဲ့ ဘဝမှာ တစ်အုပ်ထဲသာ ရေးပြီး တစ်အုပ်ထဲနဲ့ အမျိုးသားစာပေဆု ရခဲ့တဲ့ စာအုပ်။ (အောက်က ကော်မန့်တွေကို မြင်ရပြီး ပြန်ဖြည့်စွက်ပါတယ်။ အနောက်ကိုရွေ့ အရှေ့ကိုမျှော် စာအုပ်ကို ကျနော် ဖတ်ခဲ့ရတုန်းက ဆရာရဲနိုင်ရဲ့ အမှာစာကို သတိရမိတယ်။ သူအနေနဲ့ ဒီစာအုပ်ဟာ သူ့ရဲ့ တစ်အုပ်ထဲသော ဝတ္ထုရှည် ဖြစ်နိုင်တယ်တဲ့။ ဆိုလိုတာက သူဆက်ပြီး စာရေးချင်လဲ ရေးမယ်၊ မရေးချင်လဲ မရေးဘူး ဆိုတဲ့သဘောပါ။ ဝတ္ထုတိုတွေကတော့ ရှိနိုင်ပါတယ်။ ဝတ္ထုရှည်တော့ ဒီတစ်အုပ်ထဲ ကျနော်ဖတ်ဖူးသေးတယ်။ ကျနော့်စိတ်ထဲလဲ ဒီတစ်အုပ်ပဲ ရှိတယ် ထင်နေမိတာပါ) ဒီစာအုပ်က ဆရာရဲနိုင်ရဲ့ အင်္ဂလန် ပညာတော်သင် အတွေ့အကြုံတွေကို စိတ်ကူးလေးတွေနဲ့ ရောနှောပြီး ဝတ္ထုရေးခဲ့တာပါ။ ဇာတ်ဆောင် အင်္ဂလိပ်မြန်မာ ကပြားမလေးကလဲ ချစ်စရာ ...။ ကပြားမလေး အံ့သြအောင် နမ်းပြတဲ့ မြန်မာအနမ်းလေးကလဲ ချစ်စရာ ...။ ပြီးတဲ့အခါ အောက်စဖို့စ် ကျောင်းသား ဖြစ်ဖူးတဲ့ ဦးချမ်းသာရဲ့ “ကျွန်တော် အိုင်စီအက် ဦးချမ်းသာ” စာအုပ်ကလဲ တစ်မျိုးတစ်ဘာသာ စွဲမက်ဖွယ် ကောင်းပြန်တယ်။ ဦးချမ်းသာတစ်ယောက် အောက်စဖို့စ်မှာ ကျောင်းတက်ခွင့်ရတဲ့အခါ တက်မယ့်ကျောင်းကို ရွေးရတယ်။ ဒီအခါမှာ ကျောင်းတိုက်နာမည် စာရင်းတွေကို ကြည့်ပြီး နယူးကောလိပ်ဆိုတာကို တွေ့တော့ ကောလိပ်အသစ်ဆိုပြီး စာရင်းပေးလိုက်တယ်တဲ့။ တကယ်လဲ နယူးကောလိပ်ကို ရောက်ရော ... အောက်စဖို့စ်မှာ အဟောင်းတကာ့ အဟောင်းဆုံး ကျောင်းကြီး ဖြစ်နေမှန်း သိရတော့တယ် ဆိုပဲ။ နောက်ထပ် ... လူကောင်သေးတဲ့ ဦးချမ်းသာဟာ အောက်စဖို့စ် ရောက်တော့ ကမ္ဘာကျော် လှေလှော်အသင်းတစ်သင်းမှာ တက်မကိုင်တဲ့ အားကစားသမား တစ်ဦးအဖြစ် အစွမ်းပြပြီး ထင်ရှားကျော်ကြားခဲ့ဖူးတယ်။ အဲနောက် ဖတ်ရတဲ့ နောက်တစ်အုပ်က ဒေါက်တာလှဘေရဲ့ “ဝီရိယကိုကူ ဉာဏ်နဲ့ချု ကံကဖေးမသူ” ။ ဒီစာအုပ်လဲ စိတ်ဝင်စားဖို့ကောင်းတယ်။ လန်ဒန်တက္ကသိုလ်မှာ တစ်ဦးတည်းသာ ဖြစ်ခွင့်ရခဲ့သော မြန်မာစာပါမောက္ခ၊ မြန်မာစာပေရဲ့ ကျေးဇူးရှင်ကြီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါက်တာလှဘေရဲ့ ဘဝလှုပ်ရှားမှု ပုံရိပ်တွေကို အားကျဖွယ် အတုယူဖွယ် တင်ပြထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဆိုရပါလိမ့်မယ်။ အခု နောက်ထပ် ညွှန်းချင်တာက အင်္ဂလန်ကို ပညာတော်သင်သွားခဲ့တဲ့ ဒေါက်တာခင်မောင်ညွန့်ရဲ့ “ကျွန်တော် မစ္စတာဘားမား” မစ္စတာဘားမားကို ကျနော်ဖတ်ဖူးတာ ၆ နှစ်လောက် ရှိပါပြီ။ အခု စာအုပ်ဆိုင်မှာ တတိယအကြိမ် ထုတ်ထားတာတွေ့လို့ ဝယ်လာခဲ့တာပါ။ မစ္စတာဘားမားကို တစ်ခေါက်ဖတ်ပြီးတဲ့အခါ နောက်တစ်ခေါက်ပြန်ဖတ်ချင်လောက်ကို ကောင်းတယ်။ ဖတ်နေရင်း တခွိခွိနဲ့ ရီနေရသလို၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်ဟာ သူ့ကျောင်းစရိပ်အတွက် ဖိနပ်တိုက်ရင်း ပိုက်ဆံရှာကြတာကိုလဲ တွေ့ရတယ်။ ဥရောပတခွင် ခြေလျင်လျောက်ပြီး တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်နိုင်ငံဝင် တစ်နိုင်ငံထွက် ဒေသန္တဗဟုသုတ ရှာခဲ့တဲ့ ဒေါက်တာခင်မောင်ညွန့်ရဲ့ စွန့်စားခန်းတွေကိုလဲ တွေ့ရတယ်။ ကျောင်းအားရက်တွေမှာ ကျောင်းစရိပ်ရဖို့ ကြော်ငြာမင်းသား၊ စာပို့သမား၊ ရုပ်ရှင်ဇာတ်ရံ လုပ်ပြီး ပိုက်ဆံရှာခဲ့တဲ့ ဒေါက်တာခင်မောင်ညွန့်ရဲ့ ဘဝကိုလဲ တွေ့ရတယ်။ မစ္စတာဘားမားကတော့ သိပ်ကို ကောင်းတဲ့ စာအုပ်ပါ။ မကြာခင် ebook ဖြစ်လာပါတော့မယ်။ စောင့်မျှော်ပြီး အားပေးလိုက်ကြပါဦး ခင်ဗျာ။

1 comment:

  1. သောင်းဝေဦးရဲ့
    ကွမ်လုံ ရက်(၄၀) စာအုပ် ဖတ်ချင်တယ် ဗျာ
    ကူညီပါလား

    ReplyDelete